ဆိပ်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်း ၂၀၂၂ခုနှစ် မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် မိုးသီးနှံစိုက်ပျိုးရေ ပြည့်ဝစွာဆောင်ရွက်ထားရှိမှု အခြေအနေများကို ဩဂုတ် ၈ ရက်နေ့ နံနက် ၁ဝနာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အောက်ဆိပ်လျှပ်စစ် (မြစ်ရေတင်) က ၂၀၂၂ခုနှစ် မိုးသီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး ဧရာဝတီမြစ်အတွင်းမှ မြစ်ရေများကို ရေတင်စနစ်(၃)ခု၊ ပင်မမြောင်းမကြီးမှတဆင့် လက်တံမြောင်း (၁၀)ခုတို့မှ စိုက်ပျိုးရေများ ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိပြီး ရေပေးမြောင်းများမှ စိုက်ခင်းများအထိ မိုးသီးနှံစိုက်ပျိုးရေများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြရာ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မြင့်ဝင်းက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်း၂၀၂၂ ခုနှစ် မိုးသီးနှံများဖြစ်သည့် စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မြစ်ရေတင် ဧရိယာအတွင်းရေပေးမြောင်းနှင့် အလှမ်းဝေးသည့် စိုက်ပျိုးမြေများ မိုဘိုင်းဆိုလာစနစ်ဖြင့် ရေပေးမြောင်းနှင့် ရေတိမ်တွင်းများမှ စိုက်ပျိုးရေ ဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဧရာဝတီမြစ်မှ ပွန်တွန်းဖြင့် မြောင်းမကြီးအတွင်းသို့ ရေတင်ဆောင်ရွက်နေမှုနှင့် ထပ်ဆင့်ရေတင်လုပ်ငန်းများ ဆောင်ရွက်မှု၊ မိုဘိုင်းဆိုလာစနစ်ဖြင့် ရေတင်ဆောင်ရွက်မှုများ မိုးသီးနှံများဖြစ်သည့် စပါးနှင့်အခြားသီးနှံများ စိုက်ပျိုးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆီထွက်သီးနှံ နေကြာများ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးသီးနှံနှင့်ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးလင်းနိုင်(IPRD)