မော်လမြိုင် ဩဂုတ် ၉
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် လူငယ်ရေးရာနှင့်စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်စားသုံးသူဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူများ၏ အခွင့်အရေး ၈ ချက်၊ စားသုံးသူများလိုက်နာရမည့် တာ၀န် ၀တ္တရား ၄ ချက် နှင့် စားသုံးသူများ အနေဖြင့် အခက်အခဲ ရင်ဆိုင်ရပါက တိုင်ကြားဆက်သွယ်နိုင်မည့် နည်းလမ်းများ စသည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ဘ၀တွင် ရည်မှန်းချက် ရည်ရွယ်ချက်များ ကောင်းမွန်စွာ ထားရှိကြရန်၊ အသိပညာ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြစေရန် အသိပညာများဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု၍ အမှားအမှန်ကိုဝေဖန် ပိုင်ခြားတတ်သော လူငယ်လေးများ ဖြစ်လာစေရန် စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးက လာရောက်ဟောပြောကြသည့် ဌာနဆိုင်ရာ တာ၀န်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထိုနောက် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ ၀ယ်ယူစားသောက်နေသော ဈေးဆိုင်များအား ကျန်းမာရေးနှင့်ညီညွတ်စွာရောင်းချနိုင်ရေး၊ သက်တမ်းကုန် မုန့်များရောင်းချမှု မရှိစေရေးအတွက် ကြည့်ရှုစစ်ဆေး ပေးခဲ့ကြောင်းသိရသည်။
ခင်စန်းမြင့်
ခရိုင်ပြန်/ဆက်