စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြော

စစ်ကိုင်း ဩဂုတ် ၉

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးနှင့် လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်(၉)ရက်၊ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပြွတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာနအကြောင်း မိတ်ဆက်စကားဆွေးနွေး ပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးအတွက် ရည်မှန်းချက်များကိုပြောကြားရာ စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်စသည်တို့ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ရိုက်နှိပ်ဖော်ပြထားသည့် ထုတ်လုပ်ရက်စွဲ/ ကုန်ဆုံးရက်စွဲများကြည့်၍ ဝယ်ယူသုံးစွဲကြစေလိုကြောင်း ထုတ်လုပ်သူ/ ရောင်းချသူ လုပ်ငန်းရှင် များအနေဖြင့်လည်း ဥပဒေ/ နည်းဥပဒေနှင့် သက်မှတ်စည်းကမ်းများရှိ၍ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)