ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်

ကံမ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြ၀တီခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်နှင့် ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူတို့က ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်၊ မျောက်ကျောက်ရောဂါအကြောင်းနှင့် သံကောင်တုတ်ကောင်ရောဂါအကြောင်း သိကောင်းစရာများ၊ ဒေါက်တာသဉ္ဇာထွန်းက စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေးဝန်းထမ်းများက ကျောင်းသားကျောင်းသူများအား တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးများတိုက်ကျွေးခဲ့သည်။ အဆိုပါ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခြင်းလုပ်ငန်းကို  ဩဂုတ် (၇)ရက်နေ့မှ ဩဂုတ်(၁၃)ရက်နေ့အထိ ကံမမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)