ဖားဆောင်း သြဂုတ် ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာ အောင်သင်း ရေးသားသည့် မျိုးဆက်သစ်ရဲ့မဟာမိတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင် က စာပေချစ်သူများအကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ အသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာ အောင်သင်းရေးသားသည့် မျိုးဆက်သစ်ရဲ့မဟာမိတ်စာအုပ်မှ “ဉာဏ်နဲ့အသက်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးဉာဏ်လင်းကျော်က ``တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်စန်းစန်းဝင်း က ``အလိမ္မာတရား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုင်းလျှမ်း က ``မျိုးဆက်သစ်ရဲ့ မဟာမိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာအုပ်စာစောင်များ ပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)