မင်းလှ ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တောင်ဘက်မြို့သစ် (၉)လမ်းရှိ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ နေအိမ်တွင် ခရိုင်အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန် က ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက စောသောင်းကြီး က အမှာစကားပြောကြားပြီး၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောရွှေသိန်း က နိုင်ငံရေးကင်းရှင်းပြီး ကရင်စာပေများကို ပြန့်ပွားအောင်ဆောင်ရွက်နိုင်ရေး ပြောကြားသည်။
သာယာဝတီခရိုင်အတွင်းရှိ (၈) မြို့နယ်မှ တတ်ရောက်လာသော ဥက္ကဋ္ဌ၊ အတွင်းရေးမှုး၊ အဖွဲ့ဝင်များက မြို့နယ်အလိုက် ဆွေးနွေးပြောကြားသည်။
ထို့နောက် သာယာဝတီခရိုင်အဆင့် စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအသစ်အား ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ကော်မတီအဖွဲ့အစည်းအား မှတ်ပုံတင်နိုင်ရေးအတွက် ညှိနိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)