အထက်မင်းလှ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ် ခြင်းလုပ်ငန်းများ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်မည့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားအင်အားဖြင့် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ သရက်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာခင်ဌေးမြင့်က သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာသင်ယူကြရန်၊ သင်တန်းပြီးမြောက်ပါက သင်တန်းတွင်သင်ယူ ခဲ့သည့် သင်ခန်းစာများကို လက်တွေ့တွင် အကျိုးရှိရှိ အသုံးချပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြ စေလိုပါကြောင်း၊ ဌာန၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ကျေးလက်နေပြည်သူများထံသို့ လျင်မြန်ထိရောက်စွာ ဝန်ဆောင်မှု ပေးစေလိုပါကြောင်း၊ မွေးမြူ ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း၊ သင်တန်းတွင် တိရစ္ဆာန်ဆေးဝါးနှင့် ကာကွယ်ဆေးများအကြောင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နှင့် ကြက်များတွင် ဖြစ်ပွားတတ်သော ရောဂါနှင့် ကူးစက်ရောဂါများအကြောင်း၊ နွား၊ သိုး၊ ဆိတ်၊ ဝက်နှင့် တိုင်းရင်းကြက်များအတွက် ကောင်းမွန်သော မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ ပြုလုပ်ခွင့်ရှိသည့် ခွဲစိတ်ခြင်းနည်းပညာများအား သင်ကြားပို့ချမည်ဖြစ် သည့်အတွက် သင်တန်းသား/သင်တန်းသူများက စနစ်တကျ လေ့လာမှတ်သား သင်ယူကြရန် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)မှ သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဩဂုတ်လ ၉ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့်ထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)