ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာမတည် စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး

ပွင့်ဖြူ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာတွင် ကျေးရွာနေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) စီမံကိန်းချေးငွေများ ကွင်းဆင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မီမီသိုက်က ကျေးရွာနေပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပြန်လည်ကုစားပေးနိုင်ရေး တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်မှ ကျေးရွာမတည်စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် စီမံကိန်းချေးငွေများကိုလည်း လေလွင့်ဆုံးရှုးမှု မဖြစ်စေရေး စနစ်တကျ သုံးစွဲလုပ်ကိုင်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအသင်းဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၆၇ ဦး ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၇ ဦး ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦး ၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃ ဦး ၊ စုစုပေါင်း စီမံကိန်းအသင်းသားဦးရေ ၁၆၀ ဦးအတွက် တတိယနှစ်စက်ဝန်း ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၄ ဒသမ ၈ သန်း အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)