မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံ ဆွေးနွေး

အထက်မင်းလှ ဩဂုတ်

မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီခွဲက ပေရင်းကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍  ရှင်းလင်း ဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ လာရောက် အသိပေးရှင်းလင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာ နေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ကျောင်းသား/ ကျောင်းသူများ၊ အေးချမ်းစွာ ပညာသင်ကြား‌နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးနှင့် မျိုးစုဆောင်းရေး၊ ဝါစိုက်ပျိုးရေး၊ အခြားသီးနှံများ စိုက်ပျိုးရေး၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးနေမှုများ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးများအား ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြတ်သူက ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးကို လည်းကောင်း၊ လုံခြုံရေးဂရုပြုရန်၊ ထူးခြားဖြစ်စဉ်များရှိပါက သတင်းပို့ဆောင်ရွက်ရန်ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာန  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့က ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ 

ဇာဇာ(အထက်မင်းလှ)