ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် မုန်းချောင်းရေကို အမှီပြု၍ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြလျက်ရှိရာ ဟင်းသီးဟင်းရွက် စားပင်သီးနှံများ စိုက်ပျိုးလုပ်ကိုင်ရာတွင် ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း အဆိုပါ ရွာသစ်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာရှိ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် မုန်းချောင်းရေကို ရယူပြီး စိုက်ပျိုးမှုများရှိသလို အချို့တောင်သူများမှာ ကိုယ်ပိုင် အဝီစိတွင်းများဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ တောင်သူအများစုသည် စားပင်သီးနှံများ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းအစား သီးနှံဝင်ငွေပိုမိုရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရောနှော စိုက်ပျိုးမှုများ ပိုမို လုပ်ကိုင်လာကြကြောင်း သိရသည်။ ယခုနှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းတွင် ရုံးပတီ သီးနှံမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ တစ်ရက်ခြား တစ်ကြိမ် ရုံးပတီသီးများ လှိုင်လှိုင် ဆွတ်ခူးရောင်းချနေရ၍ မိသားစုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း အဆိုပါ ရွာသစ်ကျေးရွာမှ ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ မယဉ်မာသန်းက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာအပါအဝင် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် စားပင်သီးနှံမျိုးစုံကို (နွေ၊ မိုး၊ ဆောင်း) စိုက်ပျိုးလုပ်ကိုင်ကြပြီး နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံ တောင်သူများထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)