မုဒုံမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မုဒုံ သြဂုတ် ၈

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းသား/သူများအား အာဟာရဖွံ့ဖြိုးစေရန်နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁)အခြေခံပညာကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းက ဆယ်ကျော်သက်အရွယ် ကျန်းမာရေးအကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှု ကင်းဝေးရေးအကြောင်း၊ အာဟာရ(၃)အုပ်စုပါဝင်အောင် နေထိုင်စားသောက်ရမည့်အကြောင်း၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးအကြောင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးနှင့် မိုးတွင်းကာလတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက် မုဒုံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိဒေါ်မြင့်မြင့်အေးက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးအတွက်  အစားအစာများတွင် ပါဝင်သော ဆိုးဆေး အန္တရာယ်များအကြောင်း၊ ပလပ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချနိုင်ရေးအတွက် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံမှု အခြေအနေများ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအခြေအနေများကို ကျောင်းသား /သူများအား ကျန်းမာရေးစစ်ဆေးပေးကာ လိုအပ်သည့် ဆေးဝါးများကို အခမဲ့ပေးအပ်ခြင်းနှင့် ဗီတာမင်အေ၊ သန်ချဆေးများကို တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

သားငယ် (မုဒုံ)