ရွှေတောင်မြို့နယ်တွင် မေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

ရွှေတောင် ဩဂုတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့ နံနက်ပိုင်းက  မေထုံမဲ့သားစပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ခရိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ရွှေတောင်မြို့နယ်တွင် မွေးမြူထားရှိတဲ့ ဒေသနွားများကို နို့စားနွား၊ အသားစားနွား၊ ခိုင်းနွား မျိုးကောင်းမျိုးသန့်များရရှိရေး၊ မေထုံမဲ့သားစပ်နည်းဖြင့် မျိုးမြင့်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ CAHW တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၈-၈-၂၀၂၂) မှ (၁၁-၈-၂၀၂၂) ထိ (၄)ရက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဤသင်တန်းတွင်မျိုးသန့်နွားမ၏ အင်္ဂါလက္ခဏာများ၊ နွားမများတွင်ဖြစ်ပွားတတ်သော ရောဂါများ၊ အစာအာဟာရပညာရပ်များနှင့် သားအောင်နှုန်းကောင်းစေရန်အတွက် သတိပြုရမည့် သားစပ်ပညာရပ်များကို ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)