ဖြူး ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ရွေးချယ်ခြင်းကို ယမန်နေ့၊ နံနက်(၉)နာရီ အချိန်က ဆေးရုံရပ်ကွပ်ရှိ မြို့ထောင့်ကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ လစ်လပ်လျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ခဲ့ရာတွင် တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များက နိုင်ငံတော်ဩဝါဒါစရိယအဖြစ် ခင်ဝိုင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တညာဏဝံသအား အဆိုပြုထောက်ခံ ရွေးချယ်ခဲ့ကြပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်အဖြစ် ရွေးချယ်ရာတွင် သမ္မုတိသံဃာတော်ဖြစ်သော ဇေယျဝတီမြို့ဟောင်း အဘယမုနိဘုရားကြီးကျောင်း ဆရာတော် ဥူးအဂ္ဂသာရအား အဆိုပြု ထောက်ခံရွေးချယ် တော်မူခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဩဝါဒစရိယနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ရွေးချယ်ပွဲအပြီးတွင် တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူး၊ တောင်ငူခရိုင်သာသနာရေးမှူး၊ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် မြို့မိမြို့ဖများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)