မုဒုံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်

မုဒုံ သြဂုတ် ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က  ကျေးလက်နေပြည်သူများ၏  မိမိတို့ဒေသအတွင်း၌ပင် အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်၊ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားလာပြီး ဝင်ငွေရရှိ တိုးပွားလာစေရန်၊ မိမိတို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန်၊ ကျေးလက်ဒေသ၏ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်စေနှင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ကာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ စီးပွားဖြစ် လုပ်ကိုင်နိုင်စေရန် လိုအပ်သည့် နည်းပညာများကို ပြန့်ပွားလာနိုင်စေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးမှ သင်ထောက်ကူပစ္စည်းကို ပေးအပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ သင်တန်းနည်းပြနှစ်ဦးက နည်းပညာပိုင်းဆိုင်ရာများကို လတ်တက်ကျေးရွာ၊ အခွန်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ကျိုက်ကာကျေးရွာမှ သင်တန်းသား (၂၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သားငယ်(မုဒုံ)