ဝေါ သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထိန်တပင်ကျေးရွာ အရှေ့ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်းက ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ်ပြန်လည် ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ထိန်တပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ရွှေနှင့် ရပ်မိရပ်ဖဒေသခံများမှ ထိန်တပင်ချောင်းနှင့် မယ်ကွန်ရိုးအားပြန်လည် တူးဖော်ပေးနိုင်ရေး ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)