အထက်မင်းလှ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၁ နာရီက မင်းလှမြို့နယ် လင်းကယ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ နယ်မြေလုံခြုံရေး၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံကြရန်၊ ကျောင်သား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြတ်သူက လုံခြုံရေးဂရုပြုရန်၊ ထူးခြားဖြစ်စဉ်များရှိပါက သတင်းပို့ဆောင်ရွက်ရန် ဆွေးနွေးပြောကြားပြီး၊ ဌာနဆိုင်ရာများက ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)