ဖားကန့်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ရန်ကုန် - မြစ်ကြီးနား လေယာဉ်အတူစီးခဲ့သူ လေးဦးနှင့် မိသားစုဝင်များအား အသွားအလာကန့်သတ်ထားရှိ

ဖားကန့် စက်တင်ဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် နီးကပ်ထိတွေ့မှု ရှိသူများအား စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိရာ ဖားကန့်မှ ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၇၁၂ နှင့် ဩဂုတ် ၁၃ ရက်နေ့က ရန်ကုန်မှ မြစ်ကြီးနားသို့ Air Than lwin လေယာဉ်ဖြင့် လေယာဉ်တစ်စီးတည်း အတူစီးခဲ့သူ လေးဦးအပါအဝင် အတူနေမိသားစုလေးဦးတို့အား စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီတွင် ယူမာကျေးရွာရှိ အိုးအိမ်ဝန်ထမ်းအိမ်ရာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားလိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်ထားသူ ၈ ဦးသည် ဖားကန့် မရှီကထောင်ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးနိုင်ရေး ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ အမှတ် ၁၇၁၂ သည် ဖားကန့်မြို့နယ်မှဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)