မုံရွာမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဆုချီးမြှင့်ပွဲကျင်းပ

မုံရွာ  သြဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့တွင်  ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ နာရီ အချိန်က မုံရွာမြို့၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင်  ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်တင်မိုးနှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင်  အဆင့်အလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆု‌ငွေနှင့် ဂုတ်ပြုမှတ်တမ်းလွှာများကို အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အကဲဖြတ်ဒိုင်အဖွဲ့ ခေါင်းဆောင်များအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင် ပန်းချီကားတို့အားလည်းကောင်း အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ထို့နောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်တင်မိုးနှင့်အဖွဲ့သည်  ပြိုင်ပွဲများအလိုက် ဆုရရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ မုံရွာခရိုင်၏ ၂ဝ၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက်၊ ပြိုင်ပွဲအဆင့်လိုက် ပွဲစဉ်ပေါင်း (၂၃) ခုပါဝင်ကာ ပြိုင်ပွဲဝင်ပေါင်း (၅၁) ဦး နှစ်ရက်ကြာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်မိဘများနှင့် ဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပြိုင်ပွဲများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု စုစုပေါင်း ဆုရရှိကြသူ (၄၂)ဦးအတွက် ဂုဏ်ပြုဆု‌ငွေနှင့် ဂုတ်ပြုမှတ်တမ်းလွှာများကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)