ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါစွန့်လွှတ်ရသူများအား ထောက်ပံ့ငွေ ပေးအပ်

ကျောက်ကြီး သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် (ICRC) ကိုယ်စား မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့မှ မိုင်းကြောင့် ထိခိုက်ကိုယ်အင်္ဂါ စွန့်လွှတ်ရသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးအောင်သင်းက မြေမြုပ် မိုင်းကြောင့် ကိုယ်အင်္ဂါစွန့်လွှတ်ရသူနှင့် မိသားစုဝင်များ လတ်တလော စားဝတ်နေရေး အခက်အခဲဖြစ်နိုင်သည့်အတွက် ငွေကြေးအားဖြင့် ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ ဇူလိုင် ၂၂ ရက်နေ့ နေလယ် ၁ နာရီခွဲအချိန်တွင် ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ကျေးရွာအုပ်စု ကျွန်းပင်ဆိပ်ကျေးရွာ ပြည်သူ့စစ်စခန်းဝန်းအတွင်းသို့ ကြက်ဝင်ရောက်ဖမ်းစဉ် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းရွာနေ ဦးထွန်းနိုင်သည် ဝဲဘက်ခြေကျင်းဝတ်ပြတ်၊ ယာဘက်ဒူး‌ခေါင်းပေါက်ပြဲဒဏ်ရာရရှိမှုနှင့် ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု၊ ရှမ်းချောင်းကျေးရွာနေ ဦးမောင်ဇော်သည် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ဘင်ဗြဲအထက်တောင်ပေါ်သို့ နေအိမ်မှ ဆိုင်ကယ်ဖြင့် မျှစ်ချိုးသွားစဉ် ၈ နာရီ ၄၅ မိနစ်အချိန်တွင် နင်းမိုင်းတစ်လုံးနင်းမိပေါက်ကွဲခဲ့သဖြင့် ဦးမောင်ဇော်၏ ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ်ပြတ်တောက်ဒဏ်ရာရရှိမှုများအပေါ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် (ICRC) ကိုယ်စား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ လူသားချင်းစာနာထောက်ထားမှုအရ ၎င်းတို့နှစ်ဦးအား တစ်ဦးလျှင် ငွေကျပ် (၆)သိန်း (၄)သောင်းကျပ် စီထောက်ပံ့ပေးအပ်ခဲ့သည်။

 ကျောက်ကြီးမြို့နယ်အတွင်း ယခုအချိန်ထိ စစ်တမ်းများအရ မိုင်းအန္တရာယ်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူဉီးရေ (၃၂၀)ကျော်ခန့် အထိရှိကြောင်း မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။

မြို့နယ်ပြန်/ဆက်