မင်းဘူး ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ မြေပဲစိုက်တောင်သူများ ဝယ်လိုအားကောင်းပြီး မြေပဲဆံနှင့် မြေပဲဆီ ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အဆင်ပြေလျက် ရှိကြကြောင်း ရွာသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးလှစိုးထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် မိုးဦးမြေပဲဧက ၈၁၅၃ ဧက စိုက်ပျိုးထားသော်လည်း ဝယ်လိုအားကောင်းခဲ့ပြီး စားဆီဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ မြေပဲဆံတစ်တင်းလျှင် ကျပ် (၁၀၀,၀၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀) ဈေးအထိ မြင့်တက်နေ၍ မြေပဲစိုက် တောင်သူများအနေဖြင့် အဆင်ပြေကြကြောင်းလည်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၏ စားဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၁၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာ (၁၀၀၀၀) ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် (၉၀၀၀) တို့ ဖြစ်ပြီး စားဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် မိုးလယ်နှင့် မိုးနှောင်း ကာလများတွင် ဆီထွက်သီးနှံများ တိုးချဲ့၍လျာထား စိုက်ပျိုးသွားမှာဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇေယျာထက်(မင်းဘူး)