ကျောင်းကုန်း ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၃:၃၀) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး က မြေပြင်တွင် အမှန်တကယ်ကွင်းဆင်းဆောင်ရွက်နေရသည့် ရပ်/ကျေးစာရေးများအား ပုံစံ ၆၆/၆ ကိစ္စများ မေးမြန်းကာ စာရင်းမှန်ကန်တိကျစေရန် လမ်းညွှန်မှာကြားခဲ့ပြီး၊ ကျုံပျော်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သီတာဝင်း က ကျောင်းကုန်းမြို့နယ်အနေဖြင့် လက်ရှိအချိန်တွင် ၂၄.၁၂% ထိပြီးစီးနေပြီဖြစ်တဲ့အတွက် ဝမ်းသာပါကြောင်း ဆက်လက်၍ စာရင်းတိကျမှန်ကန်အောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းသွားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုး က လူသန့်ချောင်ကျေးရွာတွင် ကွင်းဆင်းစာရင်းကောက်ယူရာ ကွန်ပျုတာလွဲမှားမှု တွေ့ရှိခဲ့ကြောင်း အမည်ထပ်၊ မှတ်ပုံတင်နံပါတ်ထပ်များအား တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုမြတ်ထိုက် က အသက်(၁၈)နှစ် အထက်၊ အသက်(၁၈)နှစ်အောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျောက်ဆုံး၊ ပျက်စီး၊ နံပါတ်မမှတ်မိတို့ ရှင်းလင်းဆွေးနွေးပြီး၊ တက်ရောက်လာကြသည့် ရပ်/ကျေးစာရေးများက သိရှိလိုသည်များ မေးမြန်းခဲ့ကြသည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ ကျုံပျော်ခရိုင် လ..ဝ.က မှူး ဒေါ်ခင်သီတာဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ် လ.ဝ.ကမှူး ဦးအောင်စိုး၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်စုမြတ်ထိုက်နှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)