မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် သရက်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှုစစ်ဆေး

သရက် ဩဂုတ် ၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့မွန်းလွဲပိုင်းက သရက်မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် လုပ်ငန်းများဆောင်ရွက်နေသည့် သရက်မြို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသို့ ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းနေမှုများ ကိုကြည့်ရှုစစ်ဆေးပြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း ဆောင်ရွက်ပြီးခဲ့သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကို အခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုလျှင်သော်လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင်ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ရေးသွင်းရာတွင် အချိန်မီပြီးစီးရေးနှင့် တိကျမှန်ကန်စွာ စာရင်းရေးသွင်းဆောင် ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သရက်မြို့နယ်အနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ သရက်မြို့အတွင်း အိမ်ထောင်စု (၂၇၆၅၆)စု ရှိပြီး ယခုအခါ အိမ်ထောင်စု (၁၁၄၃၃) စု ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သရက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ သိရသည်။

ဇော်ထက်(သရက်)