ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဇမ္ဗူသီရိမြို့နယ်အတွင်း “ခြင်ကျားလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု Campaign” ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

ဇမ္ဗူသီရိ ဩဂုတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ယာများတွင် “ခြင်ကျားလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှု Campaign” ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ ပျဉ်းမနားခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်အတွင်းရှိ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သော တိုက်အမှတ် (၅၂၀၅၊ ၅၂၀၆)သို့လည်းကောင်း၊ သုခသိဒ္ဓိရပ်ကွက်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းများနေထိုင်သော တိုက်အမှတ် (၄၃၀၄) သို့လည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ  ကျန်းမာရေးဝန်ထမ်းများနေထိုင်သော တိုက်အမှတ် (၃၃၇၂)သို့လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သော တိုက်အမှတ် (၃၃၇၆) နှင့် ဓနသိဒ္ဓိရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများနေထိုင်သော တိုက်အမှတ် (၁၃၀၈) တို့အား သွားရောက်ခဲ့ပြီး မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ပရဟိတဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ခြင်းကျားနှင့်ပိုးလောက်လမ်း နှိမ်နှင်းရေးအတွက် ခြင်ဆေးဖြန်းခြင်း၊ ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့်  ပြည်သူ့ကျန်းမာရေး အသိပညာပေး အဆင့်မြှင့်တင်ခြင်း ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ ပြုလုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပမှုအား ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး အသိပညာပေး စကားပြောကြားကာ တိုက်ခန်းများတွင် နေထိုင်သော မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ “ခြင်ကျားလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှု Campaign” အား မြို့နယ်အတွင်း ရပ်ကွက် (၉) ခုရှိ ဝန်ထမ်းအိမ်ယာများတွင် ဩဂုတ်လ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)