လက်ပံတန်း ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် လူမှုန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ အ.ထ.က(၁) ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ က အသိပညာပေးခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင် က အဖွင့်အမှာစကား ပြောကြား ရာတွင် ကလေးငယ်များ အတွေးမှား အယူအဆမှား မဖြစ်စေရေး၊ အရွယ်မတိုင် မလမ်းမှားမရောက် စေရေး၊ ကလေးသူငယ်များ၏ရပိုင်ခွင့် အခွင့်အရေးများကိုသိရှိပြီး ပြည့်ဝစွာရရှိစေရေးနှင့် ကျောင်းသား ကျောင်းသူများ အနာဂါတ်ဘဝ ကောင်းမွန်စေရေးအတွက် အသိပညာဗဟုသုတများ ရရှိနိုင်ပါစေ ကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး သန်းဇော်ဦး က လူကုန်ကူးမှု အကြောင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကြိုတင်ကာကွယ်ရေး သတိပြုလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုသင့်သည့် မိုင်းအန္တရာယ်များအကြောင်းကို ကျောင်းသား ကျောင်းသူများ သတိပြုရှောင်ရှားသင့်သည်များကို အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဟေမွန်သန့် က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးသန်းက “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိနားလည်ရေး” နှင့် ပတ်သက်၍ ကလေးသူငယ်၏ အဓိပ္ပါယ်သတ်မှတ်ချက်နှင့် ကလေးသူငယ်များ၏ အခွင့်အရေး(၄)ချက် အကြောင်းများကို အသိပညာဗဟုသုတရရှိစေရေး Video Clip များ ပြသရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သာယာဝတီခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာ က သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် တစ်ခုခုဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များနှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းဆွေးနွေးပြီး တာဝန် ရှိသူများမှ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)