ရေဇွာ စက်တင်ဘာ ၁၁
ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် ရေဇွာမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဝင်များနှင့် လူငယ်များပူးပေါင်းပြီး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် ရေဇွာမြို့မြို့ဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်သည့်အပြင် ရေဇွာမြို့ ခြောက်လမ်းဆုံနှင့် မြို့တွင်းလူထူထပ်သော နေရာများတွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို (၂)ကြိမ်ဆောင်ရွက်ခဲ့ပြီ ဖြစ်ပါတယ်၊ ပညာပေးကာလ ပြီးဆုံးပါက (Mask)မပါဘဲအပြင် ထွက်သူများကို (Mask)တစ်ခုကို (၂၀၀၀)နှုန်းဖြင့် အခုဝယ်/ အခုတပ်စနစ်ဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်းအောင်လိန်းက ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်အောင်လိန်း၊ ဌာနဆိုင်ရာများနှင့် လူငယ်များက အဖွဲ့ခွဲပြီး ပြည်သူများ ဝင်ထွက်သွားလာမှု များပြားသည့် ရေဇွာမြို့ ခြောက်လမ်းဆုံနှင့် မြို့တွင်းလမ်းဆုံ လမ်းခွများတွင် ဒုတိယအကြိမ် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေပေးခြင်း၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်လျှင် နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးသွားလာကြရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အချိန်နှင့်တပြေညီ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နည်းလမ်းများကို ပြည်သူများ သိရှိနိုင်ရန်အတွက် Hand Speakerများဖြင့် ပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)