ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံ အားထား စိုက်ပျိုး လုပ်ကိုင်

ပွင့်ဖြူ ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မြေအောက်ရေဖြင့် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေသည့်အတွက် ဟင်းသီးဟင်းရွက်စားပင် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဟင်းသီးဟင်းရွက်စားပင် သီးနှံများ စိုက်ပျိုးရာတွင် ယခင်က မိရိုးဖလာ စိုက်ပျိုးခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေနည်းပညာများ တိုးတက်လာသည်နှင့် အမျှ အထွက်နှုန်းကောင်းပြီး သီးနှံဝင်ငွေ ပိုမိုရရှိစေသော စိုက်ပျိုးရေး နည်းပညာများကို တွင်ကျယ်စွာ စမ်းသပ် စိုက်ပျိုး လုပ်ကိုင်လာကြကြောင်း သိရပြီး အဓိက စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက် သီးနှံများမှာ မုံလာဥဖြူ ၊ ဆလပ် ၊ ဘူး ၊ သခွါး ၊ ပန်းမုန်လာ ၊ ခရမ်းချဉ် ၊ တိုင်ထောင်ပဲသီးရှည် ၊ ပဲရှည်သီး ၊ ရုံးပတီသီး ၊ ဖူးစားပြောင်း ၊ ကန်စွန်း ၊ ချဉ်ပေါင် ၊ ငရုတ် ၊ ကြက်သွန် ၊ ကြက်ဟင်းခါး ၊ ပိန်းဥ စသည့် ဟင်းသီးဟင်းရွက်များကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

"ကျွန်တော်တို့ ကျေးရွာက ဒေသခံတောင်သူများဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေအတွက်ကလည်း ကိုယ်ပိုင် အဝီစိတွင်းများ ရှိသည့်အပြင် မုန်းချောင်းရေလည်းရှိတဲ့အတွက် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခင်က သီးနှံများစိုက်ပျိုးရာတွင် မိရိုးဖလာအတိုင်းပဲ စိုက်ပျိုးခဲ့ကြတယ်၊ ခုချိန်မှာတော့ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်လာပြီဖြစ်လို့ သီးနှံဝင်ငွေ ပိုမိုရရှိစေနိုင်သည့် စိုက်ပျိုးရေးနည်းစနစ်များကို ပြောင်းလဲကျင့်သုံး စိုက်ပျိုး လုပ်ကိုင်လာကြတယ်။ အဓိက စိုက်ပျိုးတဲ့ စားဖိုဆောင် သီးနှံတွေကတော့ မုံလာဥဖြူ ၊ ဆလပ် ၊ ဘူး ၊ ဖရုံ ၊ သခွါး ၊ ပန်းမုန်လာ ၊ ခရမ်းချဉ် ၊ တိုင်ထောင်ပဲသီးရှည် ၊ ပဲရှည်သီး ၊ ရုံးပတီသီး ၊ ဖူးစားပြောင်း ၊ ကန်စွန်း ၊ ချဉ်ပေါင် ၊ ငရုတ် ၊ ကြက်သွန် ၊ ကြက်ဟင်းခါး ၊ ပိန်းဥ စသည့် သီးနှံများကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေတာကြောင့် စိုက်ပျိုးသမျှ သီးနှံစိုက်ခင်းတွေလည်း အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ အချို့တောင်သူတွေကတော့ စိုက်ပျိုးမြေအခြေအနေပေါ် မူတည်ပြီး ဟင်းသီးဟင်းရွက်စားပင် သီးနှံအပြင် ဘုရားပန်းဖြစ်တဲ့ ဂန္ဓမာပန်း ၊ မေမြို့ပန်း ၊ ရွက်လှပန်း ၊ ကံ့ကော်ပန်း ၊ နှင်းဆီပန်း ၊ နှင်းပန်း ၊ သပြေပန်းမျိုးစုံတို့ကို တစ်ဖက်တစ်လမ်းက သီးနှံဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုလို ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဘုရားပန်းစိုက်ပျိုးရေး လုပ်ငန်းဟာ နေ့စဉ် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိနေလို့ စိုက်ပျိုးလုပ်ကိုင်ကြသူတွေ အဆင်ပြေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

  လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )