မယ်စဲ့ ဩဂုတ် ၅
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ၌ ဆီထွက်သီးနှံဖြစ်သည့်် မိုးနှမ်းကို ဒေသခံတောင်သူများက အဓိကစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်က နှမ်းဈေးကောင်းမွန်သဖြင့် ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် စိုက်ဧက ၂၄၃၆ ဧက စိုက်ပျိုးထားပြီး နှမ်းဖြူနှင့် စမုံနက်(နှမ်းနက်) နှစ်မျိုးကိုသာ အဓိက စိုက်ပျိုးကြောင်း၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်စနစ်စိုက်ပျိုးနည်းပညာများ ပံ့ပိုးပေးခြင်း၊ သဘာဝဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မယ်စဲ့မြို့နယ်တွင် မိုးနှမ်းကို မေလတွင် စတင်စိုက်ပျိုးကြောင်း၊ မစိုက်ပျိုးမီ မြေကိုပြုပြင်သည့်အခါ ထွန်စက်ဖြင့် ထယ်၊ ထွန်၊ မွှေ ပြုလုပ်ပြီး ကြဲပက်စိုက်ပျိုးကြောင်း၊ အပင်တစ်လသားအရွယ်တွင် ပေါင်းလိုက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဩဂဲနစ်မြေဩဇာ ထည့်သွင်းခြင်းတို့ကို ပြုလုပ်ပေးရကြောင်းနှင့် မယ်စဲ့ဒေသတွင် စိုက်ပျိုးသည့် မိုးနှမ်းများကို ဩဂုတ်လ ၂၀ ရက် ပတ်ဝန်းကျင်တွင် ရိတ်သိမ်းကြကြောင်း နှမ်းစိုက်တောင်သူ ဦးခင်မောင် က ပြောကြားသည်။
မယ်စဲ့မြို့နယ်အတွင်းရှိ ကျေုးရွာအားလုံးတွင် မိုးနှမ်းကို စိုက်ပျိုးကြပြီး စိုက်ပျိုးစရိတ်ကုန်ကျမှု များပြားသော်လည်း ယခုနှစ် နှမ်းဈေးကွက်တွင် ဈေးနှုန်းကောင်းမွန်သဖြင့် နှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပါက တောင်သူများ တွက်ခြေကိုက်မည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)