အမ်းမြို့နယ်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

အမ်း ဩဂုတ်  ၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူကုန်ကူးမှု၊လူ​မှောင်ခိုကူးမှု အကြောင်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် အမှတ် (၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (စစ်တွေ)မှ ရဲအုပ် သန်းဌေးက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများအကြောင်းကို အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ဝင်းခိုင်က သင်တန်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်