ပေါက်ခေါင်း ဩဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၂-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အိုးဘိုကုန်း)တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းသား ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးပေးခြင်းနှင့် မူကြိုကလေးငယ်များအား အာဟာရကျွေးမွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား စနစ်တကျမိခင်နို့တိုက်ကျွေးရေး အသိပညာပေးပြောကြားခြင်းနှင့် ဗီတာမင်ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)