မကွေး ဩဂုတ် ၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မကွေးမြို့နယ်အတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားရာ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိရေးသည် အရေးပါသည့်အတွက် မြို့နယ်ကုန်စည်ဒိုင် အသင်းအဖွဲ့များက ဈေးကွက်များ ရှာဖွေချိတ်ဆက်ကြရန်လိုအပ်ကြောင်း၊ ယခင်ဖွဲ့စည်းထားသည့် ကုန်စည်ဒိုင်အသင်းသည် သတ်မှတ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် မြို့နယ်ကုန်စည်ဒိုင်အသင်း အလုပ်အမှုဆောင်အသစ်များ ရွေးချယ်ကာ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ စည်းစည်းလုံးလုံးဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောကြားစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များက မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုအောင် (ပြန်/ဆက်)