ငဖဲ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု ထန်းကိုင်းကျေးရွာ၏ မြောက်ဘက် ငဖဲ-စေတုတ္တရာ ကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြုပြီး နဂါးမောက်ပင်များကို စိုက်ပျိုးရောင်းချရာ အသီးများ အောင်မြင်ဖြစ်ထွန်း၍ ရောင်းအားကောင်းကာ မိသားစုစီးပွားရေး အဆင်ပြေကြောင်း နဂါးမောက်စိုက်ပျိုးရောင်းချသူ တောင်သူဦးမောင်ဝင်းထံမှ သိရသည်။
ထန်းကိုင်းကျေးရွာ၏ မြောက်ဘက်ရှိ ကိုင်းမြေ ၃ ဧကတွင် နဂါးမောက်ပင်ပေါင်း (၁၀၀၀)ကျော်ကို စိုက်ပျိုးထားတာ(၅)နှစ်ကျော် ရှိပြီဖြစ်ကြောင်း၊ နဂါးမောက်ပင်ကို စိုက်ပျိုးမည်ဆိုပါက ပျိုးပင်တစ်နှစ်သား အရွယ်ရှိ အပင်ကို ပြာသိုလမှာ စတင်စိုက်ပျိုးပြီး ၆လကျော်ဆိုရင် အသီး စသီးကြောင်း၊ မြေဩဇာအနေဖြင့် ဆိတ်ချေး၊ နွားချေးနှင့် ဖွဲပြာကျွေးပေးကြောင်း၊ ယခုနှစ်မှာ မိုးရွာသွန်းမှု နည်းပါး၍ ရေကို တစ်ရက်ခြား လောင်းပေးနေရပြီး တစ်သုတ်သီးလျှင် အလုံး နှစ်သောင်းခန့် ခူးဆွတ် ရောင်းချရကြောင်း၊ နဂါးမောက်သီးများကို ငဖဲမြို့မဈေးသို့ ဖောက်သည်ဈေးဖြင့် ပေးပို့ရောင်းချရပြီး ခြံသို့ လာရောက်ဝယ်ယူသူများလည်းရှိကြောင်း၊ နဂါးမောက်သီးတစ်လုံးလျှင် ငွေကျပ် ၃၅၀ မှ ၇၀၀ ထိ ရောင်းချရပြီး တစ်ရက်ခူးလျှင် အလုံး ၄၀၀ ကျော် ခူးဆွတ် ရောင်းချရလို့ မိသားစု စီးပွားရေး အဆင်ပြေတဲ့အတွက် ပျိုးပင်များကို ခြံထဲမှာ ဆက်လက် တိုးချဲ့စိုက်ပျိုးထားရှိကြောင်း ထန်းကိုင်းကျေးရွာမှ တောင်သူဦးမောင်ဝင်း ကပြောကြားသည်။
နဂါးမောက်သီးကို ကလေးလူကြီးမရွေး ကြိုက်နှစ်သစ်ကြ၍ ရောင်းပန်းလှသော အသီးဖြစ်ကာ ငဖဲမြို့နယ်အတွင်းရှိ နေအိမ်အချို့တွင်လည်း မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြပြီး စီးပွားဖြစ်စိုက်ပျိုး ရောင်းချသော တောင်သူ ၅ ဦးခန့် ရှိကြောင်း သိရသည်။
မယု (ငဖဲ)