မုဒုံမြို့၌ တစ်ပိုင်တစ်နိုင်ကျွဲကောပင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စီးပွားဖြစ်စိုက်ပျိုးကြသူများလာ

မုဒုံ သြဂုတ် ၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ သဘာဝရာသီဥတုနှင့် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျွဲကောပင် စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး  ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ  အပိုဝင်ငွေများရရှိကာစီးပွားဖြစ် စိုက်ပျိုးလာကြသူများလာကြောင်း သိရသည်။

ကျွဲကောပင်များကို ပျိုးပင်တစ်ပင်လျှင် ၅၀၀၀ ကျပ်ခန့်ဖြင့် စိုက်ပျိုးသူများက သီးနှံပျိုးထောင်ရောင်ချသူများထံမှ ဝယ်ယူ၍ ပြန်လည်စိုက်ပျိုးခြင်း၊ တောင်သူများကိုယ်တိုင် ကိုင်းဆက်ကိုင်းကူးနည်းများပြုလုပ်၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ခြောက်နှစ်ခန့်အကြာတွင် အသီးလှိုင်လှိုင်ထွက်ရှိကြောင်း၊ ကျွဲကောပင်(၁၅)ပင် စိုက်ပျိုးရုံဖြင့် တစ်နှစ်ဝင်ငွေ သိန်း (၃၀)ကျော် ရရှိနိုင်ကြောင်း၊  မြေသြဇာများ ထည့်သွင်းခြင်းနှင့် နွေရာသီအချိန်တွင် ရေသွင်း၍ စနစ်တကျ  ပြုစုပျိုးထောင်စိုက်ပျိုးရကြောင်း မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ကျွဲကောပင်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ကျွဲကောသီးများကို မုဒုံမြို့နယ်တွင်  အနီ၊ အဖြူ (၂)မျိုးလုံးကို အများဆုံးစိုက်ပျိုးကြပြီး စျေးကွက်တွင် အသီးအရွယ်အစားအလိုက် တစ်လုံးလျှင်ငွေကျပ်(၁၀၀၀)ကျပ် မှ (၅၀၀၀)ကျပ်အထိ ရောင်းချလျက်ရှိသည်။

မွန်ပြည်နယ်သည် လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံနှင့် ရော်ဘာစိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းသည့် ပြည်နယ်ဖြစ်သည့်အတွက် ပြည်နယ်အတွင်း ကျွဲကောပင်စိုက်မြေ ဧက(၃၃၉၃)ဧကခန့်ရှိရာ တစ်ဧကလျှင် ကျွဲကောသီးအလုံးရေ (၄၈၀၀)ကျော် ထွက်ရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကိန်းဂဏန်းအရသိရှိရပြီး အကျိုးအမြတ်များသော နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။

သားငယ် (မုဒုံ)