ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ(၅)ရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီး

ပခုက္ကူမြို့နယ်အတွင်း ကျေးရွာ(၅)ရွာ၌ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီး

ပခုက္ကူ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း (National Electrical project-NEP) အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်တို့ဖြင့် ကျေးရွာ(၅)ရွာ၌ ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ရှင်မကန်ကျေးရွာရှိ အိမ်ထောင်စု(၂၂၀)စု၊ လူဦးရေ(၁၀၀၀)ဦးတို့အတွက် ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တပ်ဆင်ခြင်းလုပ်ငန်း၊ဇီးကုန်း(၁)ကျေးရွာရှိအိမ်ထောင်စု(၉၇)စု၊ လူဦးရေ(၄၃၂)ဦးတို့အတွက် ၁၀၀ကေဗွီအေ ထရန်စဖော်မာတစ်လုံးတပ်ဆင်ခြင်းလုပ်ငန်း၊ အနောက်မန်ကျည်းကန်ကျေးရွာရှိ အိမ်ထောင်စု (၂၀၀)စု၊ လူဦးရေ(၁၃၀၀)ဦးတို့အတွက် ၂၀၀ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တပ်ဆင်ခြင်းလုပ်ငန်း၊ ကံပေါက်စုကျေးရွာရှိ အိမ်ထောင်စု(၁၃၈)စု၊ လူဦးရေ(၇၅၀)ဦးတို့အတွက် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံးတပ်ဆင်ခြင်းလုပ်ငန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်ဖြင့် ဇီးကုန်း(၂)ကျေးရွာရှိ အိမ်ထောင်စု(၁၁၈)စု၊ လူဦးရေ(၅၈၄)ဦးတို့အတွက် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပခုက္ကူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းထံက သိရသည်။

အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခြင်းကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ စသည့် ကဏ္ဍများအလိုက် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုး တိုးတက်မြင့်မားလာမည့်အပြင် ထင်းအစား လျှပ်စစ်မီးဖြင့် အချိန်မရွေး ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)