မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မင်္ဂလာဒုံ သြဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားနှင့်လူငယ်ရေးရာ ဦးစီးဌာနမှကြီးမှူး၍ အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစား အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး၊ ကျောင်းကောင်စီဝင်များ၊ ကျောင်းသားမိဘဆရာအသင်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တတ်ရောက်ခဲ့ကြပြီး အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခိုင်ဇာဝေက အားကစားနှင့် ဆိုင်သည့်အသိပညာများ အားအသေးစိပ်ဟောပြော ဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားသို့ တတ်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကာ မြန်မာ့သိုင်းပညာနှင့် Fitness Dance (အေရိုးပစ်) ပြုလုပ်နည်းများကိုလည်း လက်တွေ့သင်ကြားပြသခဲ့သည်။

ထို့နောက် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်ထံသို့ အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းကာ အခမ်းအနားကို မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြတ်မွန်ခင် (မင်္ဂလာဒုံ)