တန့်ယန်း သြဂုတ် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရေမြောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြိုတင်ပြင်ဆင်ထားသည့် ကယ်ဆယ်ရေးပစ္စည်းများ ကြည့်ရှုစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
အဆိုပါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများက မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ထားသည့် ကယ်ဆယ်ရေးသုံး ပစ္စည်းကရိယာများအား ကြည့်ရှုစစ်ဆေးကာ မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့သည်။
ထိုမှတဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေလျက်ရှိသော ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနှုတ်မြောင်းများ ဆယ်ယူသန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)