ကျွန်းလှမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၁၆၉၁၂ ဧက လျာထားချက်ကျော် စိုက်ပျိုးထား

ကျွန်းလှ ဩဂုတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးရာသီအတွင်း ပဲမျိုးစုံ ၁၆၉၁၂ ဧက လျာထားချက်ကျော် စိုက်ပျိုးထားကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်အတွင်း မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၁၂၀၃၄ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အချိန်ထိ ပဲစင်းငုံ ၁၁၅၁၂ ဧက၊ ပဲတီစိမ်း ၅၄၀၀ ဧက၊ စုစုပေါင်း ၁၆၉၁၂ ဧက၊ လျာထားချက်၏ ၁၄၀ ဒသမ ၅၃ ရာခိုင်နှုန်း စိုက်ပျိုးကြောင်း သိရသည်။

“ ပဲမျိုးစုံ စိုက်ပျိုး တောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ အထွက်နှုန်း‌ကောင်းမွန်ရေးတို့ကို အသိပညာပေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဝါ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ