မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ငဖဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအကျိုးပြု လုပ်ငန်းများဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် (ယမန်နေ့) နံနက်ပိုင်းက ငဖဲမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံသို့ရောက်ရှိခဲ့ပြီး ရှင်းလင်းဆောင်တွင် မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးဇေသက်မှ ရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေ ဖြန့်ဝေဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စုမှ တောင်သူ ဦးခင်မောင်ရွှေ၏ နေကြာနှင့် ပဲတီစိမ်းသီးနှံ သီးညှပ်စိုက်ခင်း စံပြကွက် (၁)ဧက စိုက်ပျိုးထားရှိမှု၊ ကျင်းသီပေါ်ကျေးရွာမှ တောင်သူ ဦးဝင်းဌေး၏ ချည်မျှင်ရှည်ဝါ (၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (၂)ဧက စိုက်ပျိုးထားရှိမှု၊ အောင်ပင်လယ်ကျေးရွာ ကွင်းအမှတ် (၁၀၃၆) ဧရိယာအတွင်းရှိ တောင်သူ ဦးတင်မောင်ဝင်း၊ ဦးထွန်းရီနှင့် ဒေါ်မြဝင်းတို့၏ ယာမြေ၌ ဆီထွက်သီးနှံအဖြစ် (မိုးနေကြာ) သီးသန့်၊ သီးညှပ် မျိုးသန့်ပွား မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တာဝန်ရှိသူများအဖွဲ့သည် ပေကုန်းကျေးရွာ၌ အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ် ဆောက်လုပ်နေမှုနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့ဝင်များမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)အား Computer Software Program ရေးသွင်းနေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးနှင့် လူဦးရေစာရင်း၊ ကိန်းဂဏန်း အချက်အလက်များ ရေးသွင်းရာတွင် တိကျမှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့မှတစ်ဆင့် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံသို့ သွားရောက်ပြီး ရေလှောင်တမံအတွင်း ဆည်ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေဖြန့်ဝေဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြမှုများအပေါ် တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိနိုင်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)