၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန် ကြွေးကျန်များ ပြေကျေရေး တွေ့ဆုံဆွေးနွေး

ဝေါ ဩဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ဝေါမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးနှင့် လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်မောင်စိုးတို့မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေး ကိစ္စများနှင့်ပက်သတ်၍ တက်ရောက်လာသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစစ်ဆေးရေးအတွင်းရေးမှူးများအား ရှင်းလင်း ပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ဆန်းနှင့် အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ထုတ်ချေးနိုင်ရေးနှင့် အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေး ကိစ္စများ အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

စိုက်ပျိုးစရိတ်ချေးငွေအတွက် တစ်ဧကလျှင်(တစ်သိန်းခွဲကျပ်နှုန်းဖြင့် ကျေးရွာအုပ်စု(၆၃) အုပ်စု၊ တောင်သူ (၂၀၇)ဦး၏(၃၀၈၄၀)ဧကအတွက် ငွေ(၄၆၂၆၀၀၀၀၀၀)ကျပ်ကို ထုတ်ချေးပြီး ချေးငွေ အပြေအကျေပြီးသည့် တောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဒေါ်အေးအေးမှုံထံမှ သိရပါသည်။

အောင်မြတ်လင်း