သာယာဝတီမြို့တွင် ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက ၃၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၈၀ ကျော် စိုက်ပျိုးထား

သာယာဝတီ သြဂုတ် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့်များ ပြန်လည်ဖြန့်ဖြူး ရောင်းချနိုင်ရေး မိုးနေကြာစိုက်ဧက ၃၈၀ ကျော်ရှိသည့်အနက် မျိုးစေ့ထုတ်စိုက်ဧက ၈၀ ကျော် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့်တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့အပြင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင်း ဒေသခံတောင်သူများက နှစ်စဉ်နေကြာသီးနှံကို မိုးဦးနှင့် မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလျက်ရှိသည်။

ယင်းသို့စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးနေကြာကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ၏ကြီးကြပ်မှုဖြင့် (၃၈၀)ဧက စိုက်ပျိုးထား ရှိသည်။

အဆိုပါစိုက်ဧကများအနက် သာယာဝတီမြို့နယ်အတွင်း နေကြာမျိုးကောင်းမျိုးသန့်စိုက် ဧကများ တိုးတက်ရေးအတွက် နေကြာမျိုးစေ့ထုတ် စိုက်ဧကအဖြစ်  ၈၀ ဧကစိုက်ပျိုးပြီး ထွက်ရှိလာသည့်မျိုးများကို ဒေသတွင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား ပြန်လည်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်သည်။ ယင်းသို့မိုးနေကြာ မျိုးစေ့ထုတ်ဧက စိုက်ပျိုးရာတွင် ဆင်းရွှေကြာ-၂ မျိုး စိုက်ပျိုးထားရှိကြောင်း သိရသည်။

သန့်ဇော်