မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေး

မကွေး ဩဂုတ် ၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ နံနက်ပိုင်းက မကွေးအခြေခံကျန်းမာရေး တက္ကသိုလ်တွင် ဘွဲ့နှင်းသဘင်ခန်းမဆောင် တည်‌ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ဘွဲ့နှင်းသဘင်ခန်းမဆောင် တည်‌ဆောက်ခြင်းလုပ်ငန်းအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်သွားရန်၊ သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်ရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးအခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေဘီက အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းအား ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၁၈၈၀ သန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ပြီး ၂၃၉ပေx ၂၀၁ပေx ၅၀ပေ အကျယ်အဝန်း ရှိပါကြောင်း၊ ယနေ့အချိန်ထိ တည်ဆောက်ခြင်းလုပ်ငန်း ၇၄ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ပါကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေး ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကိုအောင်