ပဲခူးမြို့တွင် “ကလေးသူငယ် အခွင့်အရေးကိုယ်တိုင် သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး သြဂုတ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ အ.ထ.က (၅) အခြေခံပညာအထက်တန်းကျောင်းရှိ စုဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး၊ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ (ရုံးအဖွဲ့မှူး) ဦးကျော်နန္ဒက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ၂၀၁၉ အကြောင်းသိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုးက ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ရဲနိုင်သန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဦးကျော်ကျော်ဟန်က မူးယစ်အန္တရာယ် လူ့ရန်စွယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး  တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ရဲနိုင်သန်းက ကျောင်းသား/ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား မေးခွန်းမေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ (ရုံးအဖွဲ့မှူး)ဦးကျော်နန္ဒ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်၊ ဦးစီးမှူး ဦးကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုး၊ ပဲခူးတိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အေးနိုင်သန်း၊ အ.ထ.က(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ကျောင်းသား/ ကျောင်းသူများ  တက်ရောက် ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)