သဲကုန်း ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကျေးရွာများအရောက် လစဉ် တစ်လလျှင်(၁၀) ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ဇီးကုန်းကျေးရွာအုပ်စု၊ ကြို့ဝါပင်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောပြည့်စုံက အဖွင့်အမှာစကားပြောကြားရာ ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူတစ်ဦးချင်းစီ၏ ဝင်ငွေတိုးတက်မြင့်မားလာစေရန် မိမိတို့အနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လာရောက်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားလိုအပ်သည်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့်အဖွဲ့တွင် ပါဝင်သော ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရ သည်။
ဝင့်နန္ဒာဌေး