ကန့်ဘလူ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ငှက်ဖျား တိုက်ဖျက်ရေးဌာနမှ ငှက်ဖျား အင်စပက်တော် ဦးစံဝင်းက ခြင်ကြောင့် ဖြစ်ပွားရသောရောဂါများမှာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ ဇီကာ၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင် ရောဂါများဖြစ်ကြောင်း၊ ငှက်ဖျားရောဂါသည် တောတောင် စိမ့်စမ်းကောင်းပြီး တဖြည်းဖြည်း စီးဆင်းနေသော ချောင်း၊ မြောင်းတို့တွင် ပေါက်ပွားနေထိုင်သော(အနောဖိလစ်) ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ကြောင်း၊ ငှက်ဖျားရောဂါ လက္ခဏာသည် ချမ်းခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်းတို့ဖြစ်ကြောင်း၊ ချမ်းတိုင်း ငှက်ဖျားမဟုတ်သလို မချမ်းတိုင်းလည်း ငှက်ဖျားဖြစ်တတ်ကြောင်း၊ ငှက်ဖျားလူနာအား ကုသရာတွင် လူနာဘယ်လိုနေလဲ၊ ဘယ်လိုခံစားရလဲ၊ လူနာကအပြင်းဖျားလား၊ သွေးအားနည်းလား စသည့်လူနာ လက္ခဏာကြည့်ပြီး ငှက်ဖျားဟုတ်၊ မဟုတ် ငှက်ဖျား အမြန်စစ်ဆေးကိရိယာ RDT ဖြင့် စမ်းသပ်နိုင်ပြီး ရောဂါအပေါ် မူတည်ကာ သင့်တော်သော ဆေးဝါးများဖြင့် ကုသရကြောင်း၊ ကန့်ဘလူမြို့နယ်မှာ လူဦးရေ သုံးသိန်းကျော်ရှိပြီး ကျေးရွာပေါင်း ၃၀၀ နီးပါးရှိပါတယ်။ ငှက်ဖျားဆိုတာ ကျေးလက်ဒေသတွေမှာ အဖြစ်များကြောင်း၊ ၂၀၀၉ ခုနှစ်က တစ်မြို့နယ်လုံးမှာ ငှက်ဖျားပိုးတွေ့သူ ၇၂၈၂ ဦးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁၄ ဦးခန့်သာရှိကြောင်း၊ ငှက်ဖျားဖြစ်ပွားမှုနှုန်း လူဦးရေ ၁၀၀၀ မှာ တစ်ယောက်အောက် ဖြစ်ရမယ်ဆိုရင် ကျွန်တော်တို့ ကန့်ဘလူမြို့နယ် ငှက်ဖျားရောဂါ ကင်းဝေး Elimination ရရှိနေပြီဖြစ်ကြောင်း၊ ဒါကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ပြီး မိဘပြည်သူများအနေဖြင့် ငှက်ဖျားရောဂါ သံသယရှိပါက နီးစပ်ရာဆေးခန်း၊ နီးစပ်ရာ စေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သားများထံတွင် အခမဲ့ ပြသကုသနိုင်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)