အမာ ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အမာမြို့၊ စည်ပင်သာယာရေးအဖွဲ့က အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ အမာမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်အောင်က ကျောင်းသား၊ ကျောင်းသူများကို စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေးနှင့် အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးရည်ရွယ်၍ အမှိုက်များ စနစ်တကျစွန့်ပစ်ရန်၊ အမှိုက်အမျိုးအစားများကို အမှိုက်စိုနှင့်အမှိုက်ခြောက်ခွဲခြားထားပုံ၊ အမှိုက်မှတစ်ဆင့်ရောဂါများ ရရှိနိုင်ပုံ၊ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့ရန် ကြာမြင့်မှုသက်တမ်းများ၊ ပလပ်စတစ်လျော့ချရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မြို့ပေါ်ရပ်ကွက်များတွင်လည်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ ပြည်သူများမှ ပူးပေါင်း ဆောင်ရွက်လာရန် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကျောင်း၊ မိမိတို့မြို့ သန့်ရှင်းသာယာရေး အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
အမာ(ပြန်/ဆက်)