ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

မောင်တော ဩဂုတ် ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အခြေခံပညာကျောင်းများ၌ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များ စသည့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်းက အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ  ခရိုင်ဦးစီးမှူး  ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများ အနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ကိုယ်တိုင်သိရှိ နားလည်နိုင်ရေး ၊ လူကုန်ကူခြင်း ကင်းဝေးဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းစို့၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးက  သဘာဝကြောင့် ဖြစ်ပေါ်တတ်သော လေ ဘေး၊ မုန်တိုင်းဘေး၊ ရေကြီးမှု၊ လေဆင်နှာမောင်းတိုက်ခိုက်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများ ၊ ငလျင်ဘေး ၊ဆူနာမီဘေး ၊ မိုးခေါင်ရေရှားခြင်းများ ၊ မိုးကြိုးအန္တရာယ်များ စသည့်တို့ကို အသိပညာပေး Video ဖိုင်များအား ပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများအား ဟောပြောခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ ဝန်ထမ်းများ နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များက ကျောင်းသား/သူများအား အသိပညာပေး လက်ကမ်းစာစောင်များ နှင့် ကျောင်းသုံးဗလာစာအုပ်များ ၊ ဘောပင်များ ကိုလည်း ဖြန့်ဝေ ပေးခဲ့ကြသည်။        

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူး  ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် ဝန်ထမ်းများ ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး နှင့် ဝန်ထမ်းများ ၊ မောင်တောခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်ခင်စန္ဒာဝင်း နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား/သူများ  စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)