စလင်း သြဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များအသင်း စီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်ကာ စလင်းမြို့ မဏိဇောတဆီစက်နှင့်၊ တက်နေဝင်းဆီစက် ၊ဆီအရောင်းဆိုင်တို့မှ စားသုံးသူတစ်ဦးလျှင် ဆီ(၁)ပိသာ (၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း စားသုံးဆီစျေးနှုန်းများ ကာလပေါက်စျေး (၁)ပိသာလျှင် (၈၆၀၀)ကျပ်မှ (၉၀၀၀)ကျပ်အထိ ရောင်းချလျက်ရှိရာ ပြည်သူအများ မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် စားသုံးဆီ အရောင်းဆိုင်များဖြစ်ကြသည့် မဏိဇောတဆီစက်ပိုင် ဦးဖိုးသာ၊ တက်နေဝင်းဆီစက်ပိုင် ဦးအောင်မြင့်မိသားစုတို့မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူအဖြစ် အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ(၁)ပိသာ (၆၀၀၀)ကျပ်နှုန်းဖြင့် တက်နေဝင်းဆီစက်မှ ဆီပေပါ(၃)လုံး၊ မဏိဇောတဆီစက်မှ ဆီပေပါ(၁၀)လုံး၊ စုစုပေါင်း (၁၃)လုံး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်း စားသုံးဆီစျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး စားသုံးဆီအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စျေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။ စလင်းမြို့နယ်အတွင်း စားသုံးဆီ(၁)ပိသာကို ကာလပေါက်စျေး (၈၆၀၀)ကျပ်မှ (၉၀၀၀)ကျပ်အထိ ရောင်းချကြရာ မြို့နယ်အတွင်းရှိ မိတ်ဆွေများနှင့် ပြည်သူများအားလုံး ကျေးဇူးတုန့်ပြန်သောအားဖြင့် ဆီ(၁)ပိသာကို ကာလပေါက်စျေးထက် လျှော့ချကာ ရောင်းချခဲ့၍ ပြည်သူများမှလည်း အားရဝမ်းသာစွာဖြင့် ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)