မကွေး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ဩဂုတ်လ ၂ ရက် ယနေ့နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်အတွင်း နေထိုင်သော လူငယ်များ စစ်တုရင်အားကစားနည်းကို ပိုမိုစိတ်ဝင်စားလာပြီး မိမိတို့ ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ကစားရာမှ တိုင်းဒေသကြီး ကိုယ်စားပြု စစ်တုရင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ စစ်တုရင် ကစာနည်းဟာ တစ်ဦးချင်း ယှဉ်ပြိုင်ရသည့် အားကစားနည်းဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်မှုတို့ကို ပေါင်းစပ်ပြီး ယှဉ်ပြိုင်ရသည့် အားကစားနည်းတစ်ခုဖြစ်ကြောင်း၊ တစ်ခြားအားကစားနည်းများ ယှဉ်ပြိုင်ကြရာမှာ ကိုယ်ခန္ဓာ၏ လှုပ်ရှားနိုင်စွမ်း လျှင်မြန်ဖျတ်လတ်မှု (ကာယ)ကို အသုံးချ၍ ယှဉ်ပြိုင် ကစားကြရပြီး စစ်တုရင်အားကစားနည်းမှာ မိမိတို့၏ ဦးနှောက်ပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်စွမ်း ဉာဏ်ရည်(ဉာဏ)ကို အသုံးချပြီး ယှဉ်ပြိုင်ကစားကြသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့၏ ဉာဏ်ရည် ဉာဏ်သွေးများကို အခြေခံပြီး လုံ့လဝီရိယနှင့် မပြတ်တမ်းအားထုတ်မှု၊ သင်ယူမှု ဆင်ခြင်သိတတ်မှုများကို ပေါင်းစပ်ပြီး စစ်တုရင် အားကစားနည်းကို ပိုမိုလေ့လာသင်ယူရင်း ယှဉ်ပြိုင်ကစားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ပြိုင်ပွဲမှာ အကဲဖြတ်ပေးကြမည့် ဒိုင်လူကြီးများအနေဖြင့် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဥပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်နာစေလိုကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ပထမဆုံးရွေ့ကွက်ရွေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ၊ စစ်တုရင်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမားများ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို သြဂုတ်လ ၄ ရက်နေ့ထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ