ဆိပ်ကြီးခနောင်တို ဩဂုတ် ၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ် ဆေးများကို ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ချောင်းဝိုင်းလေးရပ်ကွက်ရှိဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်အထက်ရှိသည့် မြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးအဖြစ်(Sinovac)ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)