စစ်တွေ ဩဂုတ် ၂
ရခိုင်ပြည်နယ်၊ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ(ဒုတိယအကြိမ်)အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးခဲ့သည့် ဒီရေတောအပင်များ၏ ရှင်သန်မှုအခြေအနေအား ပြန်လည်စိစစ်ခြင်း၊ ရှားပါးဒီရေတော အပင်များ၏ ရှင်သန်မှုအခြေအနေအား ပြန်လည်စိစစ်ခြင်း၊ ရှားပါးဒီရေတော သစ်မျိုးဖြစ်သည့် မြိုင်ကြီးပင်များ စမ်းသပ် ပျိုးထောင်စိုက်ပျိုးခြင်း၊ ပင်လယ်ကမ်းရိုးတန်း သယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ငါးဖမ်းလိုင်စင်ထုတ်ပေးခြင်း၊ ငါးဖမ်းရေယာဉ်များ စောင့်ကြည့်စစ်ဆေးခြင်း၊ ဒီရေတောများ ကင်းလှည့်စစ်ဆေးခြင်း၊ တရားမဝင် ငါးဖမ်းစက်လှေများ အရေးယူ ဆောင်ရွက်ခြင်း စသည့် ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များတွင် ပါဝင်သော အဏ္ဏဝါဗေဒဆိုင်ရာ ပညာရှင်နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်တစ်ဦးစီအား ပြည်နယ်အဆင့် ကော်မတီများတွင် ထည့်သွင်း ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ၂၄ ဦးဖြင့် ပြည်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်း နယ်နိမိတ်တစ်လျှောက် လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ တရားမဝင်လုပ်ငန်းများ စောင့်ကြပ်ကွပ်ကဲရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပြီး ကမ်းရိုးတန်းအဏ္ဏဝါ သယံဇာတထိန်းသိမ်းရေးအတွက် လူထုအသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားရန် လည်း လိုအပ်မည်ဖြစ်ကြောင်းနှင့် အဏ္ဏဝါသယံဇာတများ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ(ဒုတိယအကြိမ်) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ကဏ္ဏအလိုက် ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်ရေးလုပ်ကိုင်မှု ဗဟိုကော်မတီ(ဒုတိယအကြိမ်) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ် အစိုးရ အဖွဲ့ဝင်များက ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြု ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (မူကြမ်း)အား တင်ပြပြီး ပြည်နယ်အဆင့်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)