နတ်တလင်း သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးခြင်း လျာထားချက် ဧက(၁၁၀၂၆၂)ရှိရာ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးစပါးကို ဇူလိုင်လဆန်းပိုင်းမှ စတင်စိုက်ပျိုးခဲ့ကြရာ လျာထားချက်ပြည့်မှီအောင် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးရေးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးကူညီပေးခြင်းနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးကူညီပေးခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများဖြင့် ကူညီပေးလျက်ရှိကြောင်း၊ အဆိုပါစပါးများကို အောက်တိုဘာလတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး